Tuesday, October 18, 2011

၂၀၁၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အမျိုးသမီးသုံးဦး ပူးတွဲရရှိ



နိုဘယ်ဆုရှင် လိုက်ဘေးရီယားသမ္မတ ဆာလိဖ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
အော်စလို- ယခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုကို လိုက်ဘေး ရီးယား နိုင်ငံမှ အမျိုးသမီးသမ္မတ အယ်လင် ဂျွန်ဆင် ဆာလိဖ်၊ သူနှင့် ဘ၀တူ တစ်နိုင်ငံတည်းသူ 'ငြိမ်းချမ်းရေးစစ်သည်' လေမာဂဘိုဝီးနှင့် ယီမင်နိုင်ငံမှ 'အာရပ် နွေဦး' လှုပ်ရှားမှုခေါင်းဆောင် အမျိုးသမီး တာဝါကူးကာမန်းတို့ သုံးဦးအား ယခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်သည်။
အဆိုပါအမျိုးသမီး သုံးဦးသည် အမျိုးသမီးများ အခွင့်အရေးနှင့် ဘေးကင်းလုံခြုံမှုအတွက် အကြမ်း မဖက်သောနည်းဖြင့် ကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းမှု တည်ဆောက်ရေးတွင် အပြည့်အ၀ ပါဝင်လုပ်ဆောင်ခဲ့ကြ သဖြင့် ၂၀၁၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုကို ခွဲဝေယူကြရန် ချီးမြှင့်လိုက်သည်ဟု နော်ဝေ နိုဘယ် ကော်မတီဥက္က သော်ယွန်ယဂ်လင်း၏ ကြေညာချက်တွင် ဖော်ပြသည်။
လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းတွင် တိုးတက်ဖြစ်ပေါ်မှုများ၌ အမျိုးသမီး များသည် အမျိုးသားများနည်းတူ တန်းတူ အခွင့်အလမ်း မရရှိခဲ့လျှင် ဤကမ္ဘာကြီး၌ ဒီမိုကရေစီနှင့် ရေရှည် တည်တံ့သောငြိမ်းချမ်းရေးကို ရရှိနိုင် မည်မဟုတ်ပါဟု ၎င်းက ပြောသည်။
အသက် ၇၂ နှစ်အရွယ်ရှိ ဆာလိဖ် သည် ၂၀၀၅ ခုနှစ်တွင် အာဖရိကတိုက် ၌ ရွေးကောက်တင်မြှောက်ခံရသော ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ရသူ ဖြစ်သည်။
၁၄ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူ နှစ်သိန်းခွဲခန့် သေဆုံးခဲ့ကြရပြီး စီးပွားရေးချွတ်ခြုံကျကာ လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ လမ်းပန်းအဆက်အသွယ် အခြေခံအဆောက်အအုံများ ပျက်စီး ယိုယွင်းနေသော လိုက်ဘေးရီးယားနိုင်ငံ ကို ပြန်လည်တည်ဆောက်ရန် လိုက်ဘေး ရီးယားလူထုက အမယ်အို ဆာလိဖ် လက်သို့ အပ်ခဲ့ကြသည်။

နိုဘယ်ဆုရှင် ယီမင်သူ တာဝါကူးလ်ကာမန်း။
ဓာတ်ပုံ - အေအက်ဖ်ပီ
လိုက်ဘေးရီးယား၏ 'သံမဏိ အမျိုး သမီးကြီး'ဟု ကင်ပွန်းတပ်ခံရသော သမ္မတ ဆာလိဖ်သည် နောက်ထပ် သမ္မတသက်တမ်းအတွက် ရွေးကောက် ပွဲဝင်ရန
် လေးရက်အလိုတွင် ယခုကဲ့သို့ နိုဘယ်ငြိမ်းချမ်း ရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။
လိုက်ဘေးရီးယားတွင် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် အမျိုးသမီး များ၏ အခြေအနေ ပိုမိုခိုင်မာအောင် သူ၏ စွမ်းဆောင်ကြိုးပမ်းမှုများကို နိုဘယ်ကော်မတီမှ ဂုဏ်ပြုပါသည်ဟု ဖော်ပြသည်။
ဆာလိဖ် ယခုကဲ့သို့ သမ္မတအာဏာ ရရှိလာခဲ့ခြင်းမှာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ အသက် ၃၉ နှစ် အရွယ် အမျိုးသမီး လေမာ ဂဘိုဝီး၏ ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် ဟုလည်း ဆိုနိုင်သည်။
လေမာဂဘိုဝီးက ထိုအချိန်က လူအများ ကြောက်ရွံ့နေကြရသော စစ်ဘုရင်ကြီးများကို ဖီဆန်ရာတွင် လိုက်ဘေးရီးယား အမျိုးသမီးထုကို သူက ဦးဆောင်ခဲ့သည်။

နိုဘယ်ဆုရှင် လိုက်ဘေးရီးယားနိုင်ငံသူ လေမာဂဘိုဝီး။
ဓာတ်ပုံ - အေအက်ဖ်ပီ
အာဖရိကတိုက် ၏ သွေးအစွန်းဆုံးစစ်ပွဲများတွင် တစ်ခု အပါအ၀င် ဖြစ်သည့် လိုက်ဘေးရီးယား ပြည်တွင်းစစ်တွင် ငြိမ်းချမ်းရေးကြိုးပမ်းမှု၌ ခရစ်ယာန်နှင့် မွတ်စလင်အမျိုးသမီး ထုနှစ်ရပ်စလုံး ပါဝင်လာအောင် သူ စွမ်းဆောင်ကြိုးပမ်းခဲ့သည်။
နိုဘယ်ဆုကော်မတီ၏ မှတ်ချက်၌ ဂဘိုဝီးသည် လိုက်ဘေးရီးယား၏ ကာလကြာရှည်သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် မတူကွဲပြားသော လူမျိုးရေး နှင့် ဘာသာရေးအဟန့်အတားများကို ကျော်ဖြတ်၍ အမျိုးသမီးများကိုစည်းရုံးပေးနိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အမျိုးသမီး များပါဝင်နိုင်ရေး လုပ်ဆောင်ပေးခဲ့သူဖြစ်သည်ဟု ဖော်ပြသည်။
သူသည် သူပုန်နှင့် အစိုးရတပ်များကြား ချက်ချင်း အပစ်အခတ် ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်အောင် တိုက်တွန်း လုပ်ဆောင်ခဲ့ပြီး လက်တစ် ဆုပ်စာသာရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားသွားသောအခါ ကြားဝင်ဆောင် ရွက်ပေးရေး တပ်ဖွဲ့များ အမြန်ချထားနိုင်အောင် သူ ကြိုးပမ်း လုပ်ဆောင်သည်။
၂၀၀၃ ခုနှစ်တွင် လိုက်ဘေးရီးယား ခေါင်းဆောင် ချားစ်တေလာနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရအောင် ဂဘိုဝီး ဦးဆောင် ကြိုးပမ်းခဲ့သဖြင့် ဂါနာနိုင်ငံတွင်ပြုလုပ် သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တေလာ တက်ရေး ကတိပေးလာ အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် လိုက်ဘေးရီးယား၌ ရွေးကောက်ပွဲကျင်းပ လာနိုင်သောအခါ အမျိုးသမီးများ မဲပေးခွင့်ရအောင် သူ ကိုယ်တိုင် ဦးဆောင်လှုပ်ရှားခဲ့ရာ အမျိုး သမီးထု၏မဲဖြင့်ပင် ဆာလိဖ်သည် အာဖရိက၏ ပထမဆုံး ရွေးကောက်ခံ သမ္မတဖြစ်၍ လာခဲ့သည်။
တတိယ အမျိုးသမီးဖြစ်သူ တာဝါ ကူးလ်ကာမန်းသည် အသက် ၃၂ နှစ် အရွယ် ယီမင်သတင်းစာသမားနှင့် လှုပ်ရှားတက်ကြွသူ အမျိုးသမီးဖြစ် သည်။
သူ၏ ယီမင်နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားကြိုးပမ်း ခဲ့သဖြင့် ထောင်အကြိမ်ကြိမ်ကျခံရဖူး သူဖြစ်သည်။
အာရပ် နွေဦး ဒီမိုကရေစီလှုပ်ရှားမှု မတိုင်မီနှင့် လှုပ်ရှားမှုကာလအတွင်း ယီမင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အတွက် လည်းကောင်း၊ အမျိုးသမီးများ ရပိုင်ခွင့်အတွက်လည်းကောင်း ဦးဆောင်မှုအပိုင်းမှ ပါဝင်ခဲ့သူဖြစ်သည် ဟု နိုဘယ်ကော်မတီက မှတ်ချက်ပြု ဖော်ပြသည်။
အာရပ်အမျိုးသမီးများတွင် နိုဘယ် ငြိမ်းချမ်းရေးဆုကို ပထမဆုံးရရှိခဲ့သူ ကာမန်းက ဤဆုကို အာရပ်နိုင်ငံများတွင် ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားသူများကို ရည်ညွှန်း၍ အာရပ် နွေဦး တက်ကြွလှုပ်ရှားသူ အားလုံးအတွက် ဂုဏ်ပြုရည်စူးလိုပါသည်ဟု သူက ပြောလိုက်သည်။
ယခုနှစ်စပိုင်း အာရပ်နွေဦးလှုပ်ရှားမှု စတင်ခဲ့ချိန်မှစ၍ မြောက်ပိုင်း အာဖရိက နှင့် အရှေ့အလယ်ပိုင်းရှိ အာဏာရှင် အစိုးရများမှာ ပြုကျသူပြုတ်ကျ၊ ယိုင်နဲ့ သူယိုင်နဲ့ ဖြစ်ကုန်ကြပြီကို တွေ့မြင်နေရသည်။
၂၀၀၅ ခုနှစ်တွင် 'နှောင်ကြိုးမဲ့ အမျိုးသမီးသတင်းစာဆရာများ' ဟူသော အဖွဲ့ကို စတင်တည်ထောင်ပြီး သမ္မတ အလီအဗ္ဗဒူဆာလေး အစိုးရကို ဆန့်ကျင်သည့်လှုပ်ရှားမှုကို ဦးဆောင် ခဲ့သူ တာဝါကူးလ်ကာမန်းသည် ဆာလေး အမြန်ဆင်းပေးရေး ဆန္ဒပြမှုကို ဆက်လက်ဦးဆောင်လျက်ရှိသည်။
ဤအမျိုးသမီးသုံးဦးအား နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ရွေးချယ်မှုကို နော်ေ၀၀န်ကြီးချုပ် ယန်းစတိုတင်ဘာ့ဂ် က ချီးကျူး ကြိုဆိုလိုက်သည်။
ဆုရအမျိုးသမီးသုံးဦးသည် ဆုငွေ ယူရို ၁ ဒသမ ၀၈ သန်းကို အညီအမျှ ခွဲဝေယူကြရမည်ဖြစ်ပြီး ရွှေတံဆိပ်တစ်ခု နှင့် ဒီပလိုမာ လက်မှတ်တစ်ခုစီလည်း ရရှိကြမည်ဖြစ်သည်။
နိုဘယ်ဆုကို စတင်တည်ထောင်သူ အဲဖရက်နိုဘယ် ၁၈၉၆ ခုနှစ်၌ သေဆုံးခဲ့သည့် နှစ်ပတ်လည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အော်စလိုမြို့၌ ဆုများကို အခမ်းအနား ဖြင့် ချီးမြှင့်မည်ဖြစ်သည်။

No comments:

Post a Comment